မျက်နှာယောဂကျင့်ပြီး နုပျိုကြရအောင်
ခန္ဓာကိုယ်သွယ်လျပြီး ကျစ်လစ်လှပဖို့ ယောဂကျင့်တာတွေ ခေတ်စားနေတယ်နော်။ ခန္ဓာကိုယ်အတွက် ယောဂကျင့်သလိုပဲ မျက်နှာလေး နုပျိုလှပတင်းရင်းဖို့ မျက်နှာယောဂလည်း ကျင့်လို့ရတယ်ဆိုတာရော သိပြီးကြပြီလား။
ဟုတ်ပါတယ်။ မျက်နှာအတွက် ကျင့်ရတဲ့ ယောဂလေ့ကျင့်ခန်းတွေ အများကြီး ရှိပါတယ်။ ပုံမှန်လေ့ကျင့်ရင် မျက်နှာက အဆီပိုတွေကို ဖယ်ရှားပေးပြီး အရေးအကြောင်းတွေ လျော့ပါးကာ နုပျိုစေမှာပါ။ မျက်နှာယောဂဟာ မျက်နှာကို နှိပ်နယ်ဆွဲဆန့်ပေးပြီး ပြန်ရည်စနစ်ကို လှုံ့ဆော်ပေးတဲ့ လေ့ကျင့်ခန်းတစ်မျိုးပဲ ဖြစ်ပါတယ်။
2018 ခုနှစ်က LA မှာ ရှိတဲ့ အသက် ၄၀ ကနေ ၆၅ နှစ်အတွင်းရှိ အမျိုးသမီးတချို့ကို နေ့စဥ် မျက်နှာယောဂ မိနစ် ၃၀ ခန့် ၈ ပတ်လုပ်ခိုင်းပြီး အရေပြားဆရာဝန်များက စစ်ဆေးကြည့်ရာ သုံးနှစ်ခန့် ပိုမိုနုပျိုလာကြောင်း သိရပါတယ်။ မျက်နှာယောဂဟာ အကျိုးရရှိဖို့ အနည်းငယ်ကြာနိုင်ပေမယ့် စိတ်ကျေနပ်ဖွယ် ရလဒ်ကို ခံစားရစေမှာပါ။
ဒီဆောင်းပါးမှာတော့ အသားအရေကို တင်းရင်းနုပျိုစေတဲ့ အကောင်းဆုံး မျက်နှာယောဂ လေ့ကျင့်ခန်း ၅ ခုကို ပြောပြပေးသွားပါမယ်။
မျက်နှာယောဂစလုပ်တော့မယ်ဆိုရင် အရင်ဆုံး မျက်နှာကို skin care အရင်လုပ်သင့်ပါတယ်။ Moisturizer အရင်ဆုံးလိမ်းမယ်။ ပြီးရင် serum နဲ့ eye cream လိမ်းပြီး နောက်ဆုံးမှာ face cream တစ်မျိုးမျိုးကို လိမ်းပြီး ညင်သာစွာ ပုတ်ပေးရပါမယ်။ ဒီလိုလုပ်တာဟာ ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေ မလုပ်ခင် သွေးပူလေ့ကျင့်ခန်း လုပ်တဲ့သဘောနဲ့ ဆင်တူပါတယ်။ ပြီးရင်တော့ မျက်နှာယောဂ စလုပ်လို့ရပါပြီ။
(1) နဖူးပေါ်က အရေးအကြောင်းတွေ အတွက်
အသက်ကြီးလာရင် နဖူးပေါ်မှာ အလျားလိုက် အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။ တချို့လည်း အသက်ငယ်ငယ်နဲ့ ရှိတတ်ပါတယ်။ အဲဒီ အရေးအကြောင်းတွေ လျော့သွားပြီး နဖူးကြောတွေ လျော့သွားမယ့် လေ့ကျင့်ခန်းပါ။ လက်နှစ်ဖက်ကို လက်သီးဆုပ်ထားပါ။ လက်သီးဆုပ်နှစ်ခုကို နဖူးရဲ့ အလယ်မှာ အရင်ထားပြီး ဘေးတစ်ဖက်တစ်ချက်ဆီကို ဖြည်းဖြည်းချင်း ဖိဆွဲသွားပါ။ နထင်နားက ဆံပင်အစပ်ရှိတဲ့နေရာထိ ဖိဆွဲသွားရမှာပါ။ ထိုလေ့ကျင့်ခန်းကို ၅ ကြိမ်မှ ၁၀ ကြိမ်ခန့် လုပ်ပါ။
(2) မျက်လုံးနှစ်ခုကြားက အရေးအကြောင်းအတွက်
မျက်မှောင်ကျုံ့လိုက်ရင် မျက်လုံနှစ်ခုကြားမှာ အင်္ဂလိပ်အက္ခရာ 11 ပုံစံ ဒေါင်လိုက်အရေးအကြောင်း ပေါ်လာတတ်ပါတယ်။ အသက်ကြီးလာရင်တော့ မျက်မှောင်မကျုံ့တဲ့ အချိန်မှာလည်း ရှိနေတတ်တဲ့ အရေးအကြောင်းပါ။ လက်ညှိုးနဲ့ လက်ခလယ်ကို မျက်ခုံးအတွင်းဘက်အစွန်းနှစ်ဖက်မှာ ဒေါင်လိုက်တင်ပါ။ လက်ကိုနည်းနည်းဖိထားပြီး လက်ညှိုးနဲ့လက်ခလယ်ကို ဘေးနှစ်ဖက်ကို ဖြည်းဖြည်းချင်း ချဲလိုက်ပါ။ ပြီးရင် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ်ပြီး တစ်ကနေ ငါးအထိ ရေတွက်ပါ။ ထိုလေ့ကျင့်ခန်းကိုလည်း ၅ ကြိမ်မှ ၁၀ ကြိမ်ခန့် ပြုလုပ်ပါ။
(3) မျက်ဝန်းတဝိုက်က ကျီးခြေရာတွေအတွက်
ဒီတစ်ခါတော့ မျက်ဝန်းတဝိုက်က ကျီးခြေရာတွေအတွက် ယောဂကျင့်ပါမယ်။ လက်ညှိုးနဲ့လက်ခလယ်နှစ်ချောင်းစီကို မျက်လုံးရဲ့ဘေး နားထင်တစ်ဖက်တစ်ချက်စီမှာ တင်ထားပါ။ ပြီးရင် ဆံစပ်ဆီကို ဦးတည်ပြီး အပေါ်ကို ဖိဆွဲတင်ထားပါ။ တင်းလာတာကို ခံစားရပါလိမ့်မယ်။ ပြီးရင်တော့ ခေါင်းကိုမလှုပ်ဘဲ မျက်စပစ်သလိုမျိုး မျက်ခုံးကို ပင့်တင်တာ ၅ စက္ကန့်ခန့်လုပ်ပါ။ ဒါကို ၃ ကြိမ် လုပ်ရပါမယ်။
(4) နှာခေါင်းနဲ့ နှုတ်ခမ်းတဝိုက်က အရေးအကြောင်းတွေအတွက်
ရယ်လိုက်ရင် နှာခေါင်းနဲ့ နှုတ်ခမ်းတဝိုက်မှာ ပေါ်လာတဲ့ smile lines တွေဟာ အသက်ကြီးလာရင် မရယ်တဲ့အချိန်လည်း ရှိနေတတ်ပါတယ်။ အဲဒီ smile lines တွေ လျော့ဖို့အတွက်ဆိုရင် လက်ဖဝါးနှစ်ဖက်ကို နားထင်တစ်ဖက်တစ်ချက်စီမှာ တင်ပြီး အပေါ်ကို ဖိဆွဲထားပါ။ ထိုအနေအထားအတိုင်းလုပ်ရင်း နှုတ်ခမ်းကို အိုပုံသဏ္ဍာန် လုပ်ပြီး ၅ စက္ကန့်ခန့် နေပါ။ ပခုံးကို လျှော့ထားပြီး အသက်ကို မှန်မှန်ရှူပါ။ ဒါကိုလည်း ၃ ကြိမ် ပြုလုပ်ပါ။
(5) လည်ပင်းနဲ့ မေးရိုးအတွက်
မေစေ့နှစ်ထပ်ဖြစ်တာ ပျောက်ပြီး တင်းရင်းဖို့၊ လည်ပင်းက အရေးအကြောင်းတွေ လျော့ဖို့ နောက်ဆုံးလေ့ကျင့်ခန်းပါ။ ပခုံးကို မတ်မတ်ထားပြီး မျက်နှာကို ဘယ်ဘက်သို့ ၄၅ ဒီဂရီခန့် စောင်းအောင် လှည့်ပါ။ ပြီးရင် နှုတ်ခမ်းက တစ်စုံတစ်ယောက်ကို နမ်းတော့မလို အို ပုံသဏ္ဍာန်စုပါ။ ထိုအနေအထားအတိုင်း ၅ စက္ကန့်နေပြီးရင် ညာဘက်ကို မျက်နှာလှည့်ပြီး ထိုအတိုင်း လုပ်ပါ။ တစ်ဖက်ကို သုံးကြိမ်ခန့် လုပ်ရပါမယ်။
အားလုံးပြီးရင် လက်ချောင်းထိပ်လေးတွေကို အသုံးပြုပြီး နဖူးကနေ လည်ပင်းထိ အသာအယာပုတ်ပေးပါ။ မျက်နှာက အကြေတွေကို ပြေလျော့စေပါလိမ့်မယ်။
ဒီမျက်နှာယောဂ လေ့ကျင့်ခန်းတွေကို နေ့စဥ်လုပ်ရင် ပလတ်စတစ်ဆာဂျရီ လုပ်စရာမလိုဘဲ သွယ်လျလှပနုပျိုပြီး အရေးအကြောင်းကင်းတဲ့ မျက်နှာလေးပို ပိုင်ဆိုင်နိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်